တောင်ငူမြို့ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် ရေကစားလည်ပတ်သူများ စည်ကား

တောင်ငူ ဧပြီ ၁၆

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ အနယ်နယ်အရပ်ရပ်မှ‌‌ အေးချမ်း‌ပျော်ရွှင်စွာ ရေလာ‌ရောက်ကစားကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ရေကစားလာရောက်သူများအား ဗဟိုမဏ္ဍပ်၌ DJ နှင့် တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေမှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် တင်ဆက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်နှင့် လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များနှင့် စတုဒိသာများကျွေး မွေးလျက်ရှိသည်။

မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်ငူမြို့ရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲ၊ လက်ဖက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်မဏ္ဍပ်တို့၌ ပျော်ရွှင်စွာရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် တောင်ငူမြို့နယ် ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း သင်္ကြန်ရေကစားလည်ပတ်သူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ဦးဇော်ကိုကို (တောင်ငူ)