မကွေး ဧပြီ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့ကမ်းနားလမ်းတွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ် များ၌ နေ့စဉ်စတုဒိသာမုန့်များကျွေးမွေးလျက်ရှိရာ ယနေ့မဟာသင်္ကြန်အတတ်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီးရှိ ဗဟိုမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ဧည့်ခံကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့်ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ စတုဒိသာအကျွေးအမွေးများနှင့်အတူ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနဲ့အညီ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်တွင် သနပ်ခါး ယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် လာရောက်ရေကစား ကြသူများအား မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနမဏ္ဍပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာ မုန့်များ၊ မုန့်လုံးရေပေါ်၊ မုန့်တီများကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးမြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ ဘုန်းတော်ကြီး ကျောင်းများနှင့် တရားစခန်းရိပ်သာများတွင် ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)