ကျောက်ထုဒေသတွင် ပဲစင်းငုံစိုက်ပျိုးဖြစ်ထွန်း

ကျောက်ထု ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဒေသတွင် ယာမြေများနှင့် တောင်ယာမြေများ၌ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပဲစင်းငုံများ စိုက်ပျိုးလျှက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း သိရသည်။

ပဲစင်းငုံစိုက်ပျိုးရာတွင် တစ်ဧကလျင် မျိုး(၄) ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြရပြီး၊ စိုက်ပျိုးကာလ ရက်ပေါင်း(၁၅၀)ခန့်အကြာတွင် ခုတ်သိမ်းနိုင်သည်ဟု သိရသည်။ ကျောက်ထုမြို့ဒေသ၌ လက်ရှိပဲစင်းငုံတစ်ဧက အတွက်နှုန်းမှာ (၂၈) တင်းခန့် ရှိကာ တစ်ဧက စိုက်ပျိုးစရိတ်မှာ မျိုးစေ့ဘိုး၊ ထွန်ယက်ခ၊ မြေသြဇာ၊ အထွေထွေစရိတ်များပါ ငွေကျပ် ငါးသိန်းခန့်ကုန်ကျမှုရှိကြောင်း၊  ယခုနှစ်ဈေးနှုန်းမှာတစ်တင်းလျှင် ကျပ်သုံးသောင်းငါးထောင် ခန့် ရရှိပြီး စိုက်ပျိုးဧက မှာ ၄၆၁ ဧကရှိကြောင်း သိရသည်။

ကျောက်ထုဒေသမှ ထွက်ရှိသည့်ပဲစင်းငုံများအား ဒေသတွင်းရောင်းဝယ်ကြသည့်အပြင် ပခုက္ကူနှင့် မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြသည်။ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်းဈေးအနည်းငယ် လျှော့နည်းကြောင်း၊ ယခင်နှစ်များကတစ်တင်းလျှင် ကျပ်လေးသောင်းခန့် ရရှိကြောင်း ကံအိုးကျေးရွာမှ ပဲစင်းငုံ စိုက်ပျိုးသည့် တောင်သူ ဦးဇော်လင်း၏ ပြောကြားချက်အရ သိရှိရသည်။

မြတ်မွန်(ပြန်/ဆက်)