ညောင်လေးပင် ဇန်နဝါရီ ၁၄
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေး မှူး များ ပြန်လည်ရွေးချယ်ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများအား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများမှ သိလို သည်များ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် ရပ်ကွက်(၁၃)ခုနှင့် ကျေးရွာအုပ်စု (၄၈)အုပ်စုရှိပြီး လက်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ သက်တမ်းမှာ ၂၀၂၁ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များ ၂၀၂၁ ခုနှစ်ဧပြီလ (၁)ရက် နေ့တွင် ပြန်လည်ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု များမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြပြီး လူဦးရေနှစ်ဖွဲ့ခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)