ပုသိမ် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်တောင်တိုင်းဌာနချုပ် သင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် နဒီဧရာ တေးဂီတအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၏ စတုဒီသာမဏ္ဍပ်အသီးသီးတို့တွင် စတုဒိသာကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်လေတပ်စခန်းဌာနချုပ် သင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတာရေများ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာဆိုင်ရာများသည် ယိမ်းအဖွဲ့များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များအပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပလျက်ရှိသည်။ ထို့အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ယိမ်းအကများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားလျက်ရှိရာ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒိသာများဖြင့်နေ့စဉ် ကျွေးမွေးဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)