ထားဝယ် ဧပြီ ၁၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထားဝယ်မြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး၊ မြို့တော်ခန်းမ ၂ ရှေ့၊ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များ၌ လမ်းလျှောက်သင်္ကြန်အပါအဝင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ အတွင်းလာရောက် လည်ပတ်ကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်သည့် တေးသီချင်းများ၊ ယိမ်းအကများ၊ စတိတ်ရှိုးကဏ္ဍများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လာရောက်လည်ပတ်ကြသည့် ပြည်သူများက အတူလိုက်ပါကခုန်၍ ပျော်ရွှင်မြူးတူးစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် မဏ္ဍပ်များ၌ တေးသံရှင်များက အကအလှများဖြင့် မြူးကြွစွာ ဖျော်ဖြေကြသည့်အတွက်ပြည်သူများက နှစ်သက်စွာလိုက်ပါသီဆို ကခုန်အားပေးကြသည်။
ထိုသို့ဖျော်ဖြေနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းတွင် လှည့်လည်၍ကြည့်ရှုအားပေးသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ စီမံမှုဖြင့် ကျင်းပနေသည့် ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကာ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများ၊ လူငယ်များ၏ ထားဝယ်ဓလေ့သံချပ်ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲသော ပြည်သူများအား သင်္ကြန်နှုတ်ခွန်းဆက်စကားပြောကြားပြီး အချိုရည်ဘူးများ ဝေငှပေးသည်။
အဆိုပါမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများဖြင့် သီဆိုဧည့်ခံ ကပြဖျော်ဖြေလျက်ရှိရာ လာရောက်ကြည့်ရှုသူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ပြည်သူများ သင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)