ကံမ ဧပြီ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ (၁၆) ရက်နေ့နံနက်က စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကံမမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြို့လယ်လူစည်ကားရာလမ်းဆုံနေရာ ဗဟိုမဏ္ဍပ်၌ တေးဂီတ အဆို အကများ၊ ယိမ်းအကအဖွဲ့များက ဖျော်ဖြေကြပြီး လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါ မဟာသင်္ကြန်ပွဲတော်၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရန် ရေမပြတ်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲများနှင့် စတုဒီသာကျွေးမွေးဧည့်ခံခြင်းများကို စီစဉ်ဆောင်ရွက် ထားရှိကြောင်း မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)