ဇလွန်မြို့နယ်တွင် အခြေခံလျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲကျင်းပ

ဇလွန် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ လျှပ်စစ် သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းမှ သင်တန်းနည်းပြ ဦးသက်အောင် တို့က အသက်မွေးဝမ်းကြောင်း ပညာရပ်သည် ပထမတန်းစား အတက်ပညာ ဖြစ်ကြောင်း နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုကို တက်မြောက်အောင် သင်ကြားထားခြင်းဖြင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း၊ ယခုအခါ နည်းပညာကဏ္ဍသည် အရေးပါ၍ အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု အတက်ပညာ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကျေးလက်နေ ပြည်သူများ စားဝတ်နေရေး၊ လူနေမှုဘဝဖူလုံရေး အဆင်ပြေစေရန် ကျေးလက်နေ ပြည်သူများအား ကာလတို သင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပြီး ကျွမ်းကျင်တက်မြောက်ပါက သင်တန်းအောင် လက်မှတ်များ ပေးအပ်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းတွင် သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားပြီး သင်တန်းကာလမှာ ရက် ၂၀ ဖြစ်ပြီး သင်တန်းကို အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကထိက၊ သရုပ်ပြ၊ နည်းပြနှင့် စက်ကျွမ်းကျင် ဆရာများက တစ်နေ့လျှင် သုံးဦးနှုန်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)