မြောင်းမြ မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့နံနက်ပိုင်း လည်ပတ်သူများဖြင့် စည်ကားများပြား

မြောင်းမြ ဧပြီ ၁၆

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်(အတက်နေ့)တွင် ဗဟိုသင်္ကြန်မဏ္ဍပ်၊ စတုဒီသာနှင့်သနပ်ခါးမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများပြုလုပ်ကျွေးမွေးလှူဒါန်းခြင်း၊ ရပ်ကွက်အသီးသီးရှိ  အုန်းလက်မဏ္ဍပ်ငယ်များတွင်လည်း ရေကစားခြင်းဖြင့် အများပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

ယနေ့အတက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် သနပ်ခါးသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သောင်းထိုက်ဦးဆောင်စီမံမှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် မနက်ဖြန် နှဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် မြို့နယ်လုံးဆိုင်ရာသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)