ဟင်္သာတ ဧပြီ ၁၆
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သော သင်္ကြန်အတက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ဗဟိုမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန် ပွဲတော်များ၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြရာ ဟင်္သာတမြို့ရှိ ဗဟိုရေကစားမဏ္ဍပ်၊ ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်တို့တွင် ပြည်သူများနှင့် အထူးစည်ကားလျက်ရှိသည်။
ထို့အတူ မြို့နယ်အတွင်း၌လည်း နံနက်ပိုင်းမှစတင်၍ မြို့ပြနှင့်ကျေးလက်ဒေသအနှံ့အပြားရှိ ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအကအလှများဖြင့် စည်ကားလျက်ရှိပြီး မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်းအလိုက် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံသူများဖြင့် အထူးစည်ကားသည်။
ထို့အတူ ဘာသာရေးဝတ်ပြုရာ ဘုရားကျောင်းကန်စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ သက်ကြီးပူဇော်ပွဲပြုလုပ်ကြသူများနှင့် စတုဒီသာကျွေးမွေးလှူဒါန်းမှုများဖြင့် ကုသိုလ်ယူသူ များပြားသည်။ ညနေပိုင်းတွင်လည်း မြန်မာ့ရိုးရာအစဉ်အလာအတိုင်း အတာရေ ပက်ဖျန်းကာ နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောသန့်စင်၍ နှစ်သစ်ကို ကြိုဆိုရန် အသင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)