သာယာဝတီ ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့) တွင် ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေကစားကြသူများ၊ စတုဒိသာကျွေးမွေးမှုများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ဗဟိုမဏ္ဍပ်၊ ရပ်ကွက်လမ်းဆုံများ၊ နေအိမ်ရှေ့များနှင့် ကျေးရွာများတွင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တို့တွင် မြို့နယ်အတွင်းရှိ လူငယ်များက သီဆိုဖျော်ဖြေနေကြသည့် တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို အားပေးကြည့်ရှုကာ မြို့ပေါ်ရှိ ဘုရား၊ ကျောင်းကန်များတွင်လည်း ဥပုသ်သီလဆောက်တည်ကြသူများ၊ သက်ကြီးပူဇော်ပွဲပြုလုပ်ကြသူများနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် ကြည်နူးဖွယ်ရာ မြင်တွေ့ရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)