ပုသိမ် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံ လူပျိုတို့ရွာ ရေကစားမဏ္ဍပ်သို့ သွားရောက်၍ ဖျော်ဖြေရေးအဖွဲ့၊ ယိမ်းအဖွဲ့ များ၏ သီဆိုကပြဖျော်ဖြေမှုများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးနှင့်ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်သူများကို အတာရည်များ ပက်ဖျန်းပေးခဲ့သည်။
၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များအပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပလျက်ရှိသည်။ ထို့အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ယိမ်းအကများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားလျက်ရှိရာ လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒီသာများဖြင့် နေ့စဉ်ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)