မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မဟာသင်္ကြန်အကြတ်နေ့ မကွေးမြို့ လမ်းလျှောက်မဟာသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

မကွေး ဧပြီ ၁၅

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းလျှောက်မဟာသင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒိသာသုံးဆောင်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီးရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ဧည့်ခံကပြဖျော်ဖြေခြင်းနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကပြဖျော်‌ဖြေတင်ဆက်ခဲ့ကြသော ယိမ်းအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍပ်များတွင် စတုဒီသာအဖြစ် မြန်မာရိုးရာမုန့်များ၊ မုန့်လုံးရေပေါ်၊ မုန့်တီ၊ သာကူယိုများကို ကျွေးမွေးခဲ့ခြင်းများနှင့်အတူ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနဲ့အညီ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှု ဓလေ့အားလူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် လာရောက်ရေကစားကြသူများအား မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်နိုင်ရန်စီစဉ် ဆောင်ရွက်ပေးထားကြောင်း၊ ဗဟိုမဏ္ဍပ်၌လည်း ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်ပေးနေမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိပြီး ရပ်ကွက်/လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင်လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)