နေပြည်တော် ဧပြီ ၁၅
ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အကြတ်နေ့)တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိသည်။
မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်၊ သုံးခွ၊ ခရမ်း၊ ကျောက်တန်း၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အလုံ၊ တိုက်ကြီး၊ အင်းစိန်နှင့် ဒေါပုံမြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သဲကုန်း၊ ပေါင်းတည်၊ ပြည်၊ မိုးညို၊ ရွှေတောင်၊ နတ်တလင်း၊ လက်ပံတန်း၊ ပေါက်ခေါင်းနှင့် ရေတာရှည် မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ ရေစကြို၊ မင်းလှနှင့် တောင်တွင်းကြီး မြို့နယ်တို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် နမ့်စမ်၊ မိုင်းနောင်၊ လင်းခေး၊ ဆီဆိုင်၊ ရွာငံ၊ သီပေါ၊ လွိုင်လင်နှင့် မိုင်းယောင်းမြို့နယ် တို့၌လည်းကောင်း၊ တနင်္ဿာရီတိုင်းဒေသကြီး ဘုတ်ပြင်းနှင့် ကရသူရိ မြို့နယ်တို့၌လည်းကောင်း မြို့နယ်များအလိုက် သင်္ကြန်မဏ္ဍပ်များ၌ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ကပြသီဆိုဖျော်ဖြေခြင်း၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ် ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း အေးချမ်းပျော်ရွှင်စွာ ဆက်လက် ဆင်နွှဲကြသည်။ ထို့အတူ ယနေ့သင်္ကြန်အကြတ်နေ့တွင် လူကြီး၊ လူငယ်အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူး ကုသိုလ်ကောင်းမှုများဖြင့် ကြိုဆိုသူများပြားလျက်ရှိကြောင်း သိရသည်။
ယနေ့အကြတ်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် သင်္ကြန်မဏ္ဍပ်များ၌ ပါဝင်ဆင်နွှဲကြသည့်အပြင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန