မော်လမြိုင်ကျွန်းမြို့နယ်တွင် မဟာသင်္ကြန် အကြတ်နေ့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရေကစားသူများဖြင့် အထူးစည်ကား

မော်လမြိုင်ကျွန်း ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဧပြီလ (၁၅) ရက်နေ့ မဟာသင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာ ရေကစားခြင်းနှင့် စတုဒိသာမဏ္ဍပ်၊ မြန်မာ့သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့တွင် ပါဝင်ဆင်နွှဲ့နေမှုများကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၁၃) လမ်းထောင့်ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီ အဖွဲ့ဝင်များအား သင်္ကြန်ယိမ်းအဖွဲ့များမှ ဝမ်းပမ်းတသာနှင့် ကြိုဆိုခဲ့ကြပြီး ယိမ်းအဖွဲ့များကို အောင်သပြေခက်ဖြင့် အတာရေများ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်နေကြသည့် ပြည်သူများ၊ လက်ဖက်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်တို့တွင် လှူဒါန်းကျွေးမွေးမှုတို့အား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များနှင့် ရွှေသံစဥ် တီဝိုင်းအဖွဲ့တို့မှ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့မှ ဖျော်ဖြေရေးအဖွဲ့များအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြသည်။ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရေကစားမဏ္ဍပ်များတွင်လည်း ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ရေပက် ကစားလျက်ရှိကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)