ရွှေကျင် ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်(အကြတ်နေ့)တွင် ညဈေးလမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ယနေ့နံနက်ပိုင်းအချိန်မှစ၍ စည်ကားလျက်ရှိသည်။
၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်(အကြတ်နေ့)တွင် သင်္ကြန်ယိမ်းအကအလှအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ညောင်လေးပင်မြို့နယ် အ-ထ-က(၂)မှ ကျောင်းသူလေးများက ယိမ်းအကများဖြင့် အားဖြည့်လာရောက်ကပြခြင်း၊ တေးဂီတအဖွဲ့များက သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးလျက်ရှိရာ သင်္ကြန်ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်ရေကစားလာရောက်ကြသည့် မြို့နေပြည်သူများအား အလှူရှင်တို့မှ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် မြို့နယ်ရဲမှူး သက်နိုင်စိုးမှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)