စလင်း ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် ရေပက်ကစားကြသူများ စတုဒိသာ၊ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
စလင်းမြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ရေပက်ကစားကြသူများ၊ ရေပက်ခံသူများဖြင့် မြို့ပေါ်လမ်းမများတွင် စည်ကားလျက်ရှိပြီး၊ ယနေ့သင်္ကြန်အကြတ်နေ့တွင်လည်း မြို့လယ်လမ်းမကြီးတစ်လျှောက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးသည့်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာအတာသင်္ကြန်ပွဲတော်၊ ဖျော်ဖြေရေးမဏ္ဍပ်တွင်၊ ဌာနဆိုင်ရာများမှ သင်္ကြန်ယိမ်းပျိုဖြူများနှင့် ရပ်ကွက်များရှိ ယိမ်းအဖွဲ့များမှ အလှည့်ကြကပြဖျော်ဖြေလျက်ရှိပြီး၊ မြန်မာ့ရိုးရာသင်္ကြန်တေးသီချင်း အဆိုဝါသနာရှင်များမှ သီဆိုဖျော်ဖြေရာ၊ မြို့နယ်အတွင်းရှိ ပြည်သူများမှာ လာရောက်၍ ရေပက်ခံရေကစားလျက်ရှိကြသည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက်များအတွင်း၊ ရေပက်ကစားသူများ၊ ရေပက်ခံလာကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိပြီး တန်ခိုးကြီးဘုရားဖြစ်သည့် ရတနာမဥ္ဇူ ဘုရားနှင့် ရွှေမုဌောဝက်သည်းကန်အတွင်းရှိ ဘုရာစေတီ၊ ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားဘာဝနာပွားများကြသူများ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ကုသိုလ်အလှူဒါနပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မောင်လွင်(စလင်း)