ကြံခင်းမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် အထူးစည်ကား

ကြံခင်း ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အအကြတ်နေ့ နံနက် ၈ နာရီမှစ၍ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကြံခင်းမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလတွင် ဘုရားစေတီပုထိုးများတွင် ဥပုသ်သီလစောင့်ကြသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်းကားလျက်ရှိပြီး မဟာသင်္ကြန် အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်တွင် ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ သီဆိုဖျော်ဖြေလျက်ရှိရာ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများက ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် လက်ဖက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်တို့တွင် ပျော်ရွှင်စွာဖြင့်  လာရောက်ဆင်နွှဲလျက်ရှိကြသည်။ ဆက်လက်ပြီး ယိမ်းအဖွဲ့များနှင့် သီဆိုဖျော်ဖြေကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကြသည်။

အလားတူ ဘက်ရဲမြို့၌ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအဖွဲ့များဖြင့် အလှည့်ကျဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ဆင်နွှဲ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)