ပန်းတောင်းမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား

ပန်းတောင်း ဧပြီ ၁၅

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အထွတ်အမြတ်ထားရာဖြစ်သော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ရေပက်ကစားသူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းမှစတင်၍ ပန်းတောင်းမြို့ပေါ်ရှိ လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း မိသားစုအလိုက် ရေပက်ခံထွက်ကြသူများ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ရွှင်စွာရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများ အေးချမ်းစွာ ရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)