ဟားခါး ဧပြီ ၁၄
၂၀၂၆ ခုနှစ် ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရှေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီးနှင့် မိသားစုဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့ ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ယိမ်းအကအဖွဲ့များက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဧည့်သည်တော်များအားလည်းကောင်း အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ပက်ဖျန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့ သရုပ်ဖော်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမင်းရွှေစင် ၊ ပိတောက်ပျိုမေ ၊ သင်္ကြန် ပန်းကလေးများ၊ ယိမ်းလှပျို၊ ပိတောက်နတ်သမီး၊ ရွှေဖူးဝါ၊ မိညိုမြနှင့် ရွှေငုဝါမေ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် တစ်ကိုယ်တော် သီဆိုကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အကျနေ့သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား စတုဒိတာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက် )