ပဲခူး ဧပြီ ၁၄
ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား ယနေ့နံနက်ပိုင်းမှ စတင်ပြုလုပ်ခဲ့ရာ ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့များ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှု ပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)