ထားဝယ်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်သင်္ကြန်အကျနေ့ကို အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ထားဝယ် ဧပြီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဒေသအတွင်းမှ ပြည်သူများပါဝင်ဆင်နွှဲလျက်ရှိပြီး ယနေ့သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့တော်ခန်းမရှေ့ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများအပြင် အအေး၊ ဖျော်ရည်၊ စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးမှုများနှင့် စည်ကားလျက်ရှိသည်။

ထိုသို့ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်နှင့် ရွှေဝယ်ပိတောက်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုး ကဏ္ဍများ၏ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်း‌ပျော်ရွှင်စွာရေကစားနေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဗဟိုမဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်အား ပါဝင်ဆင်နွှဲပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေကို သပြေခက်ဖြင့် ရိုးရာမပျက်ရေပက်ဖျန်းပြီး သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ အတာသင်္ကြန် မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာလက်ဖက်များစားသုံးမှု ဓလေ့ထိန်းသိမ်းမြှင့်တင်ရေးတွင် ပါဝင်ဆင်နွှဲသော ဒေသခံ ပြည်သူများအား စားသောက်ဖွယ်ရာများ၊ အချိုရည်များအား ဝေငှပေးကာ ဧည့်ခံကျွေးမွေးနေသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရွှေဝယ်ပိတောက်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်သည်။

ထားဝယ်မြို့တွင် ကျင်းပသည့်နှစ်သစ်ကူးပွဲတော်သို့ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲလျက်ရှိပြီး မဏ္ဍပ်များသို့မြို့ပေါ်ရပ်ကွက်များနှင့် အမြို့မြို့အနယ်နယ်မှဝါသနာရှင်များက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ကြည့်ရှုအားပေးလျက်ရှိသည်။ ယမန်နေ့ညနေပိုင်းတွင် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများဖြင့် ဧည့်ခံဖျော်ဖြေလျက်ရှိရာ လာရောက်ကြည့်ရှုသူ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်များတွင်လည်း မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဒေသအတွင်းမှပြည်သူများ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်များရှိ သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများအပြင် အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)