ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဧပြီ ၁၄

၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါတော်စာတမ်းအား မင်္ဂလာဘိသေကပညာရှင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က “မြန်မာ့သက္ကရာဇ်၁၃၈၇ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စတင်ဖွင့်လှစ်ကြောင်းကြေငြာခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းတို့က သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား ချစ်ကြည်ရင်းနှီးစွာဖြင့် အမွှေးနံ့သာအတာရည်များ ပက်ဖျန်းပေးကြကာ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လဖက်မဏ္ဍပ်တို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် တိုင်းရင်းသားမဏ္ဍပ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် လူမှုရေးရာဌာန၊ အောင်ချမ်းမြေ့ ရေသဘင်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ယိမ်းအဖွဲ့များကို ချစ်ကြည်ရင်းနှီးစွာဖြင့် အမွှေးနံ့သာ အတာရည်များ ပက်ဖျန်းပေးခဲ့သည်။

၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များအပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပလျက်ရှိပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ယိမ်းအကများ၊ နိုင်ငံ‌ကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း ကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း စတုဒီသာများဖြင့် နေ့စဉ်ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)