ကန့်ဘလူ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖလားရကျေးရွာ၌ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့် ဝန်ထမ်းများက ကျေးရွာရေပေးဝေရေး ကော်မတီဝင်များနှင့်အတူ ဖလားရကျေးရွာ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဖလားရကျေးရွာသောက်သုံးရေရရှိရေးအတွက် လေးလက်မအကျယ် အနက်ပေ ၄၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁ ဒသမ ၉ သန်းဖြင့် သစ်ထူးမိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သောက်သုံးရေ ရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့ အတွက် နွေရာသီကာလ သောက်သုံးရေများ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ဖလားရ ကျေးရွာ အပြင် မှန်နီပြင်ကျေးရွာနှင့် ခတ္တာကျေးရွာတို့တွင်လည်း သောက်သုံးရေရရှိရေးစက်ရေတွင်းများ တူးဖော် ပေးလျက်ရှိ ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)