မြိတ် ဧပြီ ၁၄
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတာရေသဘင်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ နွှဲပျော်လျက်ရှိကြပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း သင်္ကြန်အကျနေ့ ဧပြီ (၁၄) ရက် နံနက်ပိုင်းမှ စတင်ကာ ရေကစားခြင်း၊ ရေပက်ခံထွက်ခြင်းဖြင့် စည်းကားသိုက်မြိုက်စွာ နွှဲပျော်လျက်ရှိကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ချစ်သူများမှ အေးချမ်းပျော်ရွှင်စွာဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်၍ အတာရေသဘင်ပွဲတော်ကို နွှဲပျော်လျက်ရှိကြပြီး လူငယ်များ အစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်သီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများဖွင့်၍ နှစ်သစ်ကူးသင်္ကြန်ရေများ ပက်ဖျန်းကာ အတာရေသဘင်ပွဲတော်ကို နွှဲပျော်လျက်ရှိကြသည်။
မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်လျက်ရှိပြီး ကမ်းနားလမ်းလမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်တွင်လည်း ဖျော်ဖြေခြင်း၊ လမ်းလျှောက်ခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲရှိကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)