သာယာဝတီ ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့)တွင် ဗဟိုရေကစားမဏ္ဍပ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေကစားကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ ဗဟိုမဏ္ဍပ်၊ ရပ်ကွက်လမ်းဆုံများ၊ နေအိမ်ရှေ့များနှင့် ကျေးရွာများတွင် ရေပက်ခံထွက်ကြသူများ၊ မိသားစုအလိုက် ရေကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကလေးငယ်များမှအစ လူငယ်၊ လူရွယ်များအထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
သာယာဝတီမြို့နယ်ရှိ ဗဟိုမဏ္ဍပ်၌ မြို့နယ်အတွင်းရှိ လူငယ်များက သီဆိုဖျော်ဖြေနေကြသည့် တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မူများကို အားပါးတရ လာရောက်ကြည့်ရူနေကြသည်ကိုလဲ မြင်တွေ့ကြရပြီး မြို့ပေါ်ရှိ ဘုရား၊ ကျောင်းကန်များတွင်လည်း ဥပုသ်သီလဆောက်တည်ကြသူများ၊ သက်ကြီးပူဇော်ပွဲ ပြုလုပ်ကြသူများနှင့် စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် ကြည်နူးဖွယ်ရာ မြင်တွေ့ရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)