ဘော်လခဲမြို့ ၁၃၇၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘောလခဲ ဧပြီ ၁၄

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့၌ ၁၃၇၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ နာရီခွဲအချိန်က လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ စကခ (၂) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းဦးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စကခ (၂) တပ်မမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စစ်ဗျူဟာ (အခြေချ) ဘော်လခဲမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး နေလင်းထွဋ်တို့က ဘော်လခဲမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းသူလေးများ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့မှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက ယိမ်းအကဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပြီး သပြေခက်များဖြင့် အတာသင်္ကြန်ရေများ ပက်ဖျန်းကြသည်။

ဘောလခဲမြို့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာကျွေးမွေးခြင်း၊ ယိမ်းအကအလှ ဖျော်ဖြေခြင်းများပါဝင်ပြီး တပ်မတော်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသနေတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)