မင်းလှမြို့နယ်တွင် အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်

မင်းလှ (အောက်) ဇန်နဝါရီ ၁၄

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီမှ မင်းလှမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့် သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစား အထောက်အကူ ပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကား ပြောကြားသည်။

ဆက်လက်၍ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့က မင်းလှမြို့နယ် အားကစားဆပ်ကော်မတီများဖြစ်သော ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘောနှင့် အားကစားကလပ်များဖြစ်သော ကြက်တောင်၊ တင်းနစ် အဖွဲ့များထံ အားကစားပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)