စစ်ကိုင်း ဧပြီ ၁၃
စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ ကမ်းနားလမ်းတွင် ကျင်းပသည်။
ဦးစွာ စစ်ကိုင်းမြို့ မင်းသိင်္ဂီရေကစားမဏ္ဍပ်အား စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုရဲမှူးကြီး ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုး၊ မင်းလမ်းအုပ်ချုပ်ရေးမှူး ဦးအောင်အောင်ဦးနှင့် ရပ်မိ/ရပ်ဖ ဦးသန်းထိုက်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအလှပျိုဖြူများမှ ကပြဖျော်ဖြေ ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန် လမ်းလျှောက်ပွဲတော်အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးဌေးဦး၊ ဦးညီညီဇော်၊ ဦးဇော်မျိုးထွန်း၊ ဟိုတယ်လုပ်ငန်းရှင် ဦးညွန့်ဝင်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် လမ်းလျှောက်ပွဲတော် ရေကစားနေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ စစ်ကိုင်းမြို့တော် သနပ်ခါးသင်္ကြန်အား စစ်ကိုင်းခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သိင်္ဂီအောင်၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ခရိုင်လမ်းဦးစီးဌာနဦးစီးမှူး ဒေါ်လဲ့လဲ့ဦးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး သနပ်ခါးသင်္ကြန်မဏ္ဍပ်မှ ယိမ်းအကအဖွဲ့များက သီချင်းဖြင့် ကပြဖျော်ဖြေပေးခြင်းနှင့် ကြွရောက်လာသော ဧည့်သည်တော်များမှ သနပ်ခါး ကိုယ်တိုင်သွေးလိမ်းခြင်းနှင့် မဏ္ဍပ်ရှိ သမီးပျိုများမှ သနပ်ခါးများသွေး၍ လိမ်းပေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် စစ်ကိုင်းမြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအားကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သိန်းဝင်း၊ ဒုတိယရဲမှူးကြီး ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များမှ မြူမောင်ဝေကင်း၊ တခိုင်လုံးရွှေသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ရာ တက်ရောက်လာသော ဧည့်သည်တော်များမှ နံ့သာရည် ပက်ဖျန်းပေးသည်။
အခမ်းအနားအပြီးတွင် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များမှ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆို၊ ကပြဖျော်ဖြေခဲ့ကြပြီး သင်္ကြန်ပွဲတော်အား ပွဲတော် ရက်များအတွင်း နေ့စဉ်နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော် လာရောက် ဆင်နွှဲသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်များက စတုဒိဿာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)