ဘားအံမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ ဧပြီ ၁၃

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစ၍ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယနေ့ မဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနများမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုက ၂၀၂၄ ခုနှစ် (၁၉)ကြိမ်မြောက် ညီလာခံတွင် အတည်ပြုသတ်မှတ်ပေးခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသံသာများနှင့်အတူ စတုဒိသာမဏ္ဍပ်များ၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး လုံခြုံစိတ်ချစွာဖြင့် အေးအေးချမ်းချမ်း အပန်းဖြေနိုင်ရန်နှင့် အနှစ်သာရရှိရှိ စည်စည်ကားကား ကျင်းပနိုင်ရန် ပြင်ဆင်ပေးထားပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကစပြီး အေးချမ်းမှု၊ ယုံကြည်မှု၊ စာနာနားလည်မှု အပြည့်နှင့်အတူ မိမိတို့လုပ်ငန်းများကို ပျော်ရွှင်စွာဆောင်ရွက်ရင်း ပြည်နယ်အကိုး၊ နိုင်ငံ့အကျိုးကိုလည်း သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း၊ နှစ်သစ်သို့ကူးပြောင်းရာတွင် ပြည်နယ်သားများအားလုံး မျှော်လင့်တောင့်တနေကြသည့် ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆီသို့ တစ်ဦးကိုတစ်ဦးလက်တွဲမဖြုတ်ဘဲ ညီညီညွတ်ညွတ်ဖြင့် လျှောက်လှမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုူကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်ရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မဟာသင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းတေးသီးချင်းဖြင့် တွဲ့ဖက်၍ စုပေါင်းကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ယိမ်းအကအဖွဲ့များ၊ တပ်မတော်နှင့်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများအား အမွှေးနံ့သာရည်၊ အောင်သပြေခက်တို့ဖြင့် အတာရေအေးပက်ဖြန်း၍ ပျော်ရွှင်စွာစုပေါင်းရေကစားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘားအံမြို့၊ ကမ်းနားလမ်းရှိ ဖားစည်မြေ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လူမှုရေးရာဝန်ကြီးဌာန စုပေါင်းရေကစားမဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန အတာသင်္ကြန်မဏ္ဍပ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ်းနားလမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်လှပျိုဖြူများ၏ ယိမ်းအကနှင့်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ အေးချမ်းပျော်ရွှင်စွာရေကစားခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ရေတွန်းပန့်များ၊ ရေပိုက်များ၊ ရေပန်းများ တပ်ဆင်အသုံးပြု၍ ရောင်စုံထီးအလှများ၊ ပန်းအလှများ၊ စတုဒိသာမဏ္ဍပ်များဖြင့် အများပြည်သူစိတ်အေးချမ်းသာစွာ မဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားသော ဘားအံမြို့၊ ကမ်းနားလမ်း(ခေမာလမ်းနှင့် အင်ကုန်းလမ်းကြား) လမ်းလျှောက်သင်္ကြန် (ပေ၁၀၀၀)၊ ကန်သာယာပတ်လမ်းဖြစ်သော ချစ်သူလမ်းကြားတွင် လမ်းလျှောက်သင်္ကြန် (ပေ ၁၀၀၀)၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ပန်းခြံနှင့်ပြည်နယ်လွတ်တော်ရုံးရှေ့တွင် လမ်းလျှောက်သင်္ကြန် (ပေ ၉၀၀)တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လျှောက်လမ်းရေပန်းများ၊ လောင်းလှေများ၊ ထီးအလှများ၊ ပန်းအလှများဖြင့် ဝေဝေဆာဆာအလှဆင်ထားသော လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ကြကာ စတုဒိသာမဏ္ဍပ်များမှတည်ခင်းဧည့်ခံသော စားဖွယ်များကို ဒေသခံပြည်သူများနှင့်အတူသုံးဆောင်၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဇွဲကပင်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိပြီး ယိမ်းအကလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအကဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲ ဖွင့်ပွဲကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှိမဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ စီစဉ်ဆောင်ရွက်သကဲ့သို့ ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကများကလည်း တက်တက်ကြွကြွဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အကများဖြင့် ယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာရေပက်ကစားကြမည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့်အတူ နန်းဖော့အွာသဲသောင်ပြင် သင်္ကြန်တို့တွင်လည်း ပျော်ရွှင်စွာဆင်နွှဲရင်းနှစ်သစ်တွင် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြစေလိုကြောင်း ဆုမွန်ကောင်းစကားပြောကြားသည်။

အဆိုပါပြိုင်ပွဲသို့ ကိုယ်ပိုင်သံစဉ်ယိမ်း(၁၂)ဖွဲ့၊ ကော်ပီသံစဉ်ယိမ်း(၁၄)ဖွဲ့နှင့် တပင်တိုင်အကပြိုင်ပွဲဝင်(၁၃)ဦးက ဧပြီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ နှစ်ကြော့ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကပြိုင်ပွဲများ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)