ခန္တီး ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ (၃)နာရီက မြို့မရပ်ကွက်၊ (ဗဟို)သင်္ကြန်မဏ္ဍပ်တွင် ဧည့်ပရိသတ်ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်သည်။
ဦးစွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်မြို့မိမြို့ဖ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်၍ အခမ်းအနားအားဖွင့်လှစ်သည်။
ဆက်လက်၍ ယိမ်းအကအဖွဲ့များက ကပြဖျော်ခဲ့ပြီး ခန္တီးတပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပိတောက်ပန်းခက်များ၊ သပြေခက်များဖြင့် ယိမ်းအကအဖွဲ့များနှင့် ဧည့်ပရိသတ်များကို နှစ်သစ်အတာရေသင်္ကြန် လိုက်လံဖျန်းပက်ခဲ့ကြသည်။
အဆိုပါ (ဗဟို)သင်္ကြန်မဏ္ဍပ်တွင် အကအလှယိမ်းအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ၊ မဏ္ဍပ်ရှေ့၊ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန် လာရောက်လည်ပတ်သည့်ပြည်သူများ နှစ်သစ်အတာရေဖျန်းပက်ရေကစားခြင်းများနှင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)