ရွှေဘို၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကြီးအောင် ပန်းခြံရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား “ခါနွေဆန်းစရွှေဘိုသင်္ကြန်” သီချင်းဖြင့် ဖွင့်လှစ်ကပြခဲ့ပြီးနောက် တာဝန်ရှိသူများက သင်္ကြန်ယိမ်းအဖွဲ့များအား အတာရေ ပတ်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲနေပြီး ဗဟိုမဏ္ဍပ်တွင် ပျော်ရွင်စွာ ရေကစားကြသူများ၊ ယိမ်းအကအဖွဲ့များ၊ တေသံရှင်များက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ပြီး လာရောက်ရေကစားကြသူများအား စတုဒိသာများ ကျွေးမွေးဧည်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၅) စစ်နယ်မြေမှူး၊ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)