ရွှေကျင်မြို့နယ်တွင် သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်တို့၌ ရေပက်ကစားသူတို့ဖြင့် စည်ကားလျက်ရှိ

ရွှေကျင် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)(ရွှေကျင်)၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်မှ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်‌အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဝမ်း‌မြောက်ကြောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာဟိန်းမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အား ထည့်သွင်းခဲ့သည့်အတွက် ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်အား မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ လမ်းလျှောက်သင်္ကြန်၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ထို့နောက် သင်္ကြန်ယိမ်းအကအလှအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်္ကြန်ရေကစားလာရောက်ကြသည့် မြို့နေပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရေကစားလည်ပတ်သူတို့အား အလှူရှင်တို့မှ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ သင်္ကြန်အကြိုနေ့ကို အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)