မံစီ ဩဂုတ် ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Cash For Work စီမံကိန်းလုပ်ငန်း စာချုပ်ချုပ်ဆိုခြင်းနှင့် (Village Revolving fund project- VRFP) စီမံကိန်းကျေးရွာ မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းညွန့်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေတို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းနိုင်က စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများအား နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ (Village Revolving fund project- VRFP) စီမံကိန်းသည် ကျေးလက်နေပြည်သူများ၏ အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းမတည်ရန်ပုံငွေများ ပေးအပ်ရာတွင် အိမ်ခြေ(၁၀၁)နှင့် အထက်ရှိကျေးရွာ(၁)အား ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ (၅၁)နှင့် (၁၀၀)ကြား ကျေးရွာများအား တစ်ရွာလျှင်ကျပ်သိန်း(၂၀၀)ဖြင့် ကျေးရွာ(၂)ရွာနှင့် အိမ်ခြေ(၅၀) နှင့်အောက် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ(၅) ရွာစသည်ဖြင့် ကျေးရွာအိမ်ခြေအလိုက် မတည်ရန်ပုံငွေများ သတ်မှတ်ပေးအပ်ခဲ့ရာ မြို့နယ်အတွင်း စုစုပေါင်းကျေးရွာ(၈)ရွာကို ပေးအပ်ခဲ့ကြောင်းနှင့် Cash For Work စီမံကိန်းလုပ်ငန်း အတွက် တစ်ရွာလျှင် မတည်ရန်ပုံငွေကျပ်သိန်း(၁၀၀) ချမှတ်ထားပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ(၇)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)