မြိတ် ဧပြီ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့၏ ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ဧပြီ(၁၃)ရက် နံနက်(၉)နာရီက အဆိုပါဗဟိုမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွှဲကြသည်။
မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မဟာသင်္ကြန် အခါတော်စာတမ်း ဖတ်ကြား၍ ဖွင့်လှစ်ပေးပြီး မဟာသင်္ကြန်မဏ္ဍပ်ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ နှင့် မြို့မိမြို့ဖ ဦးလှသန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက သင်္ကြန်ယိမ်း အကအလှများဖြင့် ဖျော်ဖြေကြသည်။ ထို့အတူ ဗဟိုမဏ္ဍပ်အနီးတွင် သနပ်ခါးမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်မှ သနပ်ခါးလိမ်းခြယ်ပေးကြ ပြီး စတုဒိသာကျွေးမွေးကြသည်။
ထို့နောက် မြိတ်မြို့ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်ကို အဝင်မုခ်ဦး၌ တိုင်းမှူးနှင့်တာဝန်ရှိသူများ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်လျှောက်လမ်းအတိုင်း သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ရေပုန်းရပ်ကွက်ရှိ အတာတန်ခူးမှာပျော်မြူးမယ်ဖျော်ရေးမဏ္ဍပ်အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေကာ သင်္ကြန်ပွဲတော်ကို စတင်ဆင်နွှဲကြသည်။
ထို့အတူ မြိတ်မြို့ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်ကိုလည်း ဖျော်ဖြေရေးမဏ္ဍပ်ဖြင့် ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ သင်္ကြန်ချစ်သူပြည်သူများ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )