ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပွင့်ဖြူ ဧပြီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မင်းဘူး-စလင်း- တညောင်လမ်းဘေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးအနီး  ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။

ထို့နောက် ပညာရေးဌာနမှ ဖျော်ဖြေရေးယိမ်းအကအဖွဲ့ လှပျိုဖြူများက “မြူမှောင်ဝေကင်း” သင်္ကြန် တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကပြ ဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များမှ လှပျိုဖြူများကို သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ထည့်သွင်းကျင်းပသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်အား ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း ၅၀၀ ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဖျော်ဖြေရေးယိမ်းအက အဖွဲ့(၅)ဖွဲ့မှ လှပျိုဖြူများက “ပိတောက်လက်ဆောင်၊ သင်္ကြန်မိုး၊ မြနန္ဒာ” စသည့်  သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်ဆင်နွှဲကြသူများနှင့် ရေကစားကြသည့် ပြည်သူများကို ဌာနဆိုင်ရာများနှင့် စေတနာအလှူရှင်များက မုန့်လုံးရေပေါ်များ၊ ဖျော်ရည်‌အအေးတို့ဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )