ကြို့ပင်ကောက် ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်ပြည်ကားလမ်းဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက မြို့နယ်အတွင်း၌ရှိသော ပြည်သူများအနေဖြင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းစကား ပြောကြား၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၌ သင်္ကြန်ပျိုဖြူ ယိမ်းအဖွဲ့ ၆ ဖွဲ့က ကပြဖျော်ဖြေရာ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ကြို့ပင်ကောက်မြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၆ ဖွဲ့နှင့် အဆိုတော်များ၊ ခေတ်ပေါ်တီးဝိုင်းဖြင့် တေးသီချင်းများကိုလည်း နေ့စဉ်တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်တို့တွင် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)