မြဝတီ ဧပြီ ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၁၃၈၇-၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေ သဘင်ပွဲတော် (ဗဟို) မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံလမ်းရှိ မြစန္ဒီပန်းခြံ မုခ်ဦး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (မြဝတီခရိုင်) ဥက္ကဋ္ဌ ဦးကောင်းစံလင်းက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားများကို ပြောကြားခဲ့သည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဟံဦး၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မိုးကျော်ဟိန်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် သင်္ကြန်ယိမ်းအကအဖွဲ့များမှ "မြူမှောင်ဝေကင်း" သင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက အမွှေးနံ့သာရည်များဖြင့် အပြန်အလှန်ပက်ဖြန်းကာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် (BGF)၊ DKBA နှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြဝတီမြို့ပေါ်ရှိ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။
ယခုအခါ မြစန္ဒီပန်းခြံအတွင်းရှိ ဖျော်ဖြေရေးစင်မြင့်ထက်၌ အဆိုတော်များနှင့် ယိမ်းအက အဖွဲ့များက တေးသီချင်းများ၊ အကအလှများဖြင့် ဆက်လက်ဖျော်ဖြေလျက်ရှိရာ လမ်းလျှောက် သင်္ကြန်လာရောက်သူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)