ရေတာရှည်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

 ရေတာရှည် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြား၍ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်အား ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များမှ မြူမှုန်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ သပြေခက်အမွှေးနံ့သာများဖြင့် သင်္ကြန်ရေပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍ ရေကစားမဏ္ဍပ်နှင့်လမ်းလျှောက် သင်္ကြန်များတွင် ရေပက်ကစားခြင်း၊ သနပ်ခါးမဏ္ဍပ်တွင်သနပ်ခါးလိမ်းခြယ်ခြင်း၊ စတုဒီသာမဏ္ဍပ်တွင် လက်ဖက်ထမင်းနှင့် ရွှေရင်အေးများ ကျွေးမွေးခြင်းများဆောင်ရွက်လျက်ရှိပြီး ယိမ်းပြိုင်ပွဲများနှင့် စတိတ်ရှိုးအစီအစဉ်များအား ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ယိမ်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)