ကယားပြည်နယ်ဝန်ကြီးချုပ် သင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ တက်ရောက်

လွိုင်ကော် ဧပြီ ၁၃   

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့ ကန္ဒရဝတီလမ်းမကြီးပေါ်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လွိုင်ကော်မြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အား လှည့်လည်ကြည့်ရှုအားပေးပြီး လမ်းလျှောက် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဧည့်ပရိသတ်များကို အတာရေများ ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လမ်းလျှောက်သင်္ကြန်အတွင်းရှိ ဝန်ကြီးဌာနကိုယ်စားပြုမဏ္ဍပ်များသို့လည်းကောင်း၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်နှင့် လက်ဖက်သင်္ကြန်မဏ္ဍပ်များသို့လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်၌ သနပ်ခါးလိမ်းခြယ်၍ အလှဓာတ်ပုံများရိုက်ကူးခြင်း၊ လက်ဖက်သင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာလက်ဖက်များအား သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲသည့် ပြည်သူများအား ဧည့်ခံကျွေးမွေးခြင်းနှင့် စတုဒီသာမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစားအစာများကို ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)