ရွှေတောင် ဧပြီ ၁၃
ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကိုယနေ့ နံနက် (၉) နာရီအချိန်က ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ရွှေတောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်မဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ အမွှေးနံ့သာသပြေခက်ဖြင့် ရေပက်ဖျန်းပေး၍ အတာသင်္ကြန်အားကြိုဆိုပြီး မြူမှောင်ဝေကင်းသီချင်းသီဆို၍ ဒေသခံ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရွှေတောင်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ လမ်းလျှောက်သင်္ကြန်ဖြင့် ပျော်ရွှင်စွာရေပတ်ကစားခြင်း၊ မြို့နယ်အတွင်းရှိ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)