နတ်တလင်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ ကျင်းပ

နတ်တလင်း ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးရှေ့ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက မဟာသင်္ကြန်နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် မာလာရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အား ကြိုဆို၍ မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းသီဆို‌ဖျော်ဖြေခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့ (၅) ဖွဲ့က နေ့စဥ်ယိမ်းအကများဖြင့်‌ ဖျော်ဖြေခြင်း၊ တေးသီချင်းများသီဆို‌‌ဖျော်ဖြေခြင်း၊ ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးဧည့်ခံခြင်းများဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)