ဂန့်ဂေါ ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြောက်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က နှစ်သစ်ကူးအကြိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီးနောက် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို “သည်းခြိမ့်ခြိမ့်ညံ လမ်းလျှောက်သင်္ကြန်” အဖွင့်သီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်းနှင့် တာဝန်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာယိမ်းအဖွဲ့အသီးသီးမှ အလှည့်ကျ ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုလာရောက်ကြသည့် ဧည့်ပရိသတ်အပေါင်းအား မုန့်လက်ဆောင်းဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်တော်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း