နတ်မောက်မြို့နယ်တွင် မြန်မာ့ရိုးရာ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်မောက် ဧပြီ ၁၃

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နတ်မောက်-ပျော်ဘွယ်လမ်း (ထွေအုပ်ရုံးအဝင်လမ်း) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို မြူမှောင်ဝေကင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ငွေဖလားနဲ့သပြေခက်ဖြင့်ရေပက်ကြသည်။ ထို့နောက် ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့က ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ မြန်မာ့ရိုးရာလမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ဆက်လက်ပြီး လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာရေကစားလာသူများအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ထို့အတူ နတ်မောက်မြို့ပေါ်ရှိရပ်ကွက်များ၌ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်အကြိုနေ့မှစ၍ စတုဒိသာများကျွေးမွေးခြင်း ၊ရေကစာခြင်းများဖြင့် ပြည်သူများ ပျော်ရွှင်ရေကစား လျက်ရှိကြောင်း သိရသည်။

ဥမ္မာခင်