မင်းတပ်၊ ဇန်နဝါရီ ၁၄
ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းတပ်မြို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူလျက် ရှိကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။
မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မေသူလက် က "၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မင်းတပ်မြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ကျပ် (၁၀) သန်းအောက်တင်ဒါ၊ ကျပ်(၁၀)သန်းနှင့် ကျပ်သန်း (၁၀၀) ကြား တင်ဒါ၊ ကျပ်သန်း (၁၀၀) အထက် တင်ဒါဆိုပြီး အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက်ရှိပါတယ်" ဟု ပြောကြားသည်။
မင်းတပ်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ် (၁၀) သန်းအောက် လုပ်ငန်း (၉) ခု၊ ကျပ်(၁၀) သန်းနှင့် ကျပ်သန်း (၁၀၀) အကြားလုပ်ငန်း (၁၇) ခုအပြင် ကျပ်သန်း (၁၀၀) အထက် မင်းတပ်မြို့တော် (ကုမ်သီ) ခန်းမတည်ဆောက်ရေး အတွက် အိတ်ဖွင့်တင်ဒါ လျှောက်လွှာများကို ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် မင်းတပ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးများတွင် ဝယ်ယူပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလ (၁၁) ရက်နေ့ နောက်ဆုံး ထားလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)