အုတ်ဖိုမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

အုတ်ဖို ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အုတ်ဖိုမြို့ ဗဟိုမဏ္ဍပ်တွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး  လမ်းလျှောက်သင်္ကြန်ကို ဖွင့်လှစ်သည်။

ဆက်လက်၍ သင်္ကြန်ယိမ်းအဖွဲ့များ ဖွင့်ပွဲသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ သပြေခက်ဖြင့် အတာသင်္ကြန် ရေပတ်ဖျန်းခဲ့ကြပြီး ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့် တေးသံရှင်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ဂီတနှင့် ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြပြီး ရွှေရင်အေးစတုဒီသာများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)