သာယာဝတီ ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သာယာဝတီမြို့နယ် ဘူတာလမ်းရှိ ဆရာစံခန်းမရှေ့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဌာနဆိုင်ရာမိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် မိုးပျံပူစီဖောင်းများလွှင့်တင်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်အား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ယိမ်းအဖွဲ့များနှင့်ပြည်သူ (၁၀၀၀) ခန့်များအား အတာရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကိုဆင်နွှဲခဲ့ကြပြီး ယိမ်းအဖွဲ့သမီးပျိုများက "မြူမှောင်ဝေကင်း" အတာသင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ခရိုင်စီမံစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက အတာရေးသင်္ကြန်ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)