ကျွန်းစုမြို့တွင် စိုက်ပျိုးရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

ကျွန်းစု ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စိုက်ပျိုးရေး အသိပညာပေး (Talk Show)ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုးအောင်က စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ကျွန်းစုမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာလအတွင်း စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် တောင်သူများအား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ၊ ကွမ်းသီးပင်မှ ကွမ်းသီးများ ပုတ်ကြွေခြင်းတို့အပေါ် ကာကွယ်ရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းကျော်စော(ပြန်/ဆက်)