ရေနံချောင်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း ဧပြီ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်တာဝန်ရှိသူများက မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နှစ်သစ်ကြိုဆိုနှုတ်ခွန်ဆက်အမှာစကား ပြောကြားသည်။ ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ဌာနဆိုင်ရာများ၊ ရေကစားလာသူများက အတာရေများဖြင့် အပြန်အလှန် ပက်ဖျန်းကာ ပျော်ရွှင်စွာဆင်နွှဲကြသည်။ ဆက်လက်၍ လမ်းလျှောက်သင်္ကြန်တွင် လာရောက်ပါဝင်ဆင်နွှဲသူများအား စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူများ ရေကစားနိုင်ရန်အတွက် ရေလုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ထားပြီး အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး