ဖြူး ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကြိုနေ့ဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ စျေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဧပြီလ (၁၃) ရက်နေ့၊ နံနက် (၉) နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲ မုဒ်ဦး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်မှ ဖြူးမြို့နယ်၏ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအား နှစ်သစ်နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်မုဒ်ဦးအား အမွှေးနံ့သာရေပက်ဖြန်းကာ ယိမ်းအက အဖွဲ့များက မြူမှုံဝေကင်းသီချင်းဖြင့် ကပြကာ ဖွင့်လှစ်ခဲ့ကြသည်။
ဆင်လက်၍တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဧည့်ပရိတ်သတ်များသည် လမ်းလျှောက်သင်္ကြန်မုတ်ဦးမှ သင်္ကြန်မဏ္ဍပ်သို့ လမ်းလျှောက်၍ ရေသဘင်ဆင်နွှဲခြင်း၊ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကြောင်းနှင့် ရပ်ကွက်အတွင်း ပျော်ရွှင်စွာသင်္ကြန်ရေကစားခြင်း၊ စတုဒီသာများကျွေးမွေးခြင်းများဖြင့် နှစ်ကူးသင်္ကြန်အား ဆင်နွှဲကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)